ဆောင်းပါးများ


မောင်ခေါ်ရာလိုက်ခဲ့ပြီကွယ်
ချစ်၍ခေါ်မူ ၊
လိုက်တော်မူခဲ့ မပြောင်းနွှဲ့နှင့်
အံ့ဘွဲ့အတိ အတိုင်းမသိသား
ပြည်ကြီးတန်ဆာ ကန်နန္ဒာမူ ။

သည်ကဗျာပိုဒ်ကို ကျွန်တော်ငယ်စဉ်ကပင် ရရှိခဲ့ပါသည်။ သည်အပိုဒ်ကို ကျွန်တော် အ ကြိုက် ဆုံး ဖြစ် ပါ သည်။ သည်ကဗျာတွင် လေးတွေ ခန့်ငြားခြင်း၊ ထည်ဝါခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ဖြင့် တန်ဆာဆင်ထားသည်ကို တွေ့ရှိနိုင်ပါ၏။ သည်ကဗျာလေးကို ဖွဲ့နွဲ့သီကုံးသူမှာ  စိန္တကျော်သူပင် ဖြစ်သည်။ သို့သော် ဒီကဗျာလေးနှင့် ဆန့် ကျင် ဘက်အ ဖြစ်ဆန်း တစ်ခုကို ကျွန်တော် တွေ့ရသောအခါ အံ့သြမိသည်။ အထက်ပါ ကဗျာလေးတွင် ချစ်ရသူအား မြနန္ဒာသို့ လိုက်ခဲ့ ရန်ခေါ်သည်။ သို့သော် ကျွန်တော် လက်တွေ့ တွေ့ရသော အဖြစ်တွင် ချစ်သူအား မခေါ်ဘဲလင့် အေးမြသာယာသော မြနန္ဒာသို့ ချစ်သူမှာ  သူ့သဘောအလျောက် လိုက်လာ ခြင်း ပင်တည်း။
သူမ၏ နာမည်မှာ အေးချိုချိုဟူခေါ်သည်။ အေးချိုချိုဟူသော နာမ၀ိသေသနအတိုင်း သူမ မျက်နှာမှာ ပြုံးယောင်သန်း၍နေသည်။ သူမ၏ ပြင်သစ်နာမည်မှာ “ဂျီဆင်ဘီလီ” ဖြစ်သည်။သူမကို ၁၉၄၇ ခုနှစ်တွင် ပြင်သစ်တို့၏ အဓိကရမြို့တော် ပဲရစ် တွင်မွေဖွားခဲ့သည်။
သူမသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကပင် ဂီတ အနုပညာကို ချစ်မြတ်နိုးခဲ့သူဖြစ်သည်။ ထို့ကြောင့် ၁၉၆၁ ခုနှစ်တွင် ကျင်းပသော ပဲရစ်မြို့မှ အသက်ငယ်တန်း တယော ပြိုင်ပွဲတွင် ပထမ ဆုကို ဆွတ်ခူးခဲ့သည်။ ထို့အပြင် ပြင်သစ် ဘက်ကလိုးရီးယား ဘွဲ့ကို အတွေးအခေါ်နှင့် အောင်မြင်ခဲ့သည်။ သူမသည် ဂရိတ် လက်တင်နှင့် အင်္ဂလိပ် ဘာသာ စကားများကိုပါ တတ်ကျွမ်းသူဖြစ်သည်။ မြန်မာစာကိုလည်း ပြင်သစ်နိုင်ငံခြားသင် တက္ကသိုလ်မှ ၁၉၇၀ ခုနှစ်တွင် ဂုဏ်ထူးဖြစ် ဒီပလိုမာဘွဲ့ကို ရယူခဲ့သည်။
ကျွန်တော်နှင့် အေးချိုချိုတို့ တွေ့သောအခါ “ကျန်းမာရဲ့လားရှင်”ဟု နှုတ်ဆက်သည်။ ကျွန်တော်တို့ က မနေ့ တနေ့ကမှ မြန်မာမြေကို နင်းသော သူမစကားပြောသံကို အံ့သြကြည့်နေမိသည်။ ကျွန်တော်တို့က သူမကို မြန်မာလို ခတ်သွက်သွက်ကလေးပြန်၍ ပြောမိသောအခါ သူမမှာ တွေ၍ နားထောင်နေသည်။ “ဖြေးဖြေးပြောပါ၊ ကျမ မြန်မာစာကို သင်ခဲ့ပေမယ့် စကားကောင်းကောင့် မပြောတတ်သေးဘူး” ဟု ဆိုသည်။ “အေးချိုချို ရဲ့ ဓာတ် ပုံ ကို တွေ့ဘူးတာကြာပြီ” ကျွန်တော် လေးလေးပြောသောအခါ.... “အို ဟုတ်လား” ဟုဆိုသည်။ “မြန်မာပြည်မှာ နေရတာ ပျော်ရဲ့လား”ဟု ကျွန်တော်တို့က ၀ိုင်းမေးကြပြန်သည်။ “မြန်မာပြည်မှာ နေရတာ ကျမ သိပ်ပျော်တာဘဲ၊ တခါမှ မတွေ့ဘူးသေးတဲ့ ရှုမျှော်ခင်းတွေကိုလည်း တွေ့ရတယ်၊ သစ်သီးတွေကိုလည်း ကျမအ၀ကြီး စားရတယ်” “အေးချမ်းသာယာတဲ့ မြန်မာပြည်မှာ ကျမ တသက်လုံးနေမယ်၊ အထူးသဖြင့် တည်တည် ငြိမ်ငြိမ်ရှိတဲ့ မြန်မာလူမျိုး တို့ရဲ့ စရိုက်ကို ပိုပြီးကြိုက်တယ်” ဟုတ်ပေသည်။ သူမသည် မြန်မာရိုးရာကို မြတ်နိုးသူဖြစ်သည်။ အချိပ်ထမီကို ၀တ်ဆင်ထားပြီး သနပ်ခါးရေကြဲကို မှုန်နံ့သာ ချယ်ကာထားသည်။ သူမသည် မြန်မာတို့၏ ငါးပိကို ကြိုက်နှစ်သက်ပြီး မြန်မာ့ထမင်းကို လက်ဖြင့်ပင် လွေးသူဖြစ်သည်။ အထူးသဖြင့် အေးချိုချိုသည် ရိုမန်ကက်သလစ်ဘာသာမှ  ဗုဒ္ဒဘာသာ အဖြစ်သို့ ၁၉၆၆ ခုနှစ်တွင် ကူပြောင်းလာခဲ့သူဖြစ်သည်။
ပညာသင်ဆုရှင်
အေးချိုချို၏ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုးမှာ ၁၉၆၆ခုနှစ်က ပြင်သစ် ယဉ်ကျေးမှု ပညာသင်ဆုကို ရရှိခဲ့သူဖြစ်သည်။ ကိုအောင်ကိုးသည် ပဲရစ်မြို့ နိုင်ငံရေး သိပ္ပံတက္ကသိုလ်သို့ တစ်နှစ်တက်ရောက်ခဲ့သူဖြစ်ပြီး၊ ပဲရစ်မြို့ စာကြည့်တိုက် သိပ္ပံသင်ကျောင်းတွင်လည်း (၂) နှစ် စာတွေ့-လက်တွေ့ သင်ယူ၍ ဒီပလိုမာဘွဲ့ကို ရရှိသူဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ ပြင်သစ်စာပေကို စကားပြောနှင့် အတူ ဘွဲ့ယူခဲ့သူဖြစ်သည်။ နောက် ကိုအောင်ကိုးရရှိခဲ့သော ဘွဲ့တစ်ခုမှာ ဆော့ဘွန်း တက္ကသိုလ်မှ ဘာသာနှင့် ယဉ်ကျေးမှုစာပေ အမြင့်တန်း ဒီပလိုမာဘွဲ့ ဖြစ်သည်။
ထိုသို့ ပညာသင်ယူကြစဉ် အေးချိုချိုနှင့် ကိုအောင်ကိုးတို့မှာ မိတ်ဆွေဖြစ်ခဲ့ကြသည်။ အေးချိုချိုသည် မြန်မာလူမျိုးတို့၏ စရိုက်ဖြစ်သော တည်တည်ငြိမ်ငြိမ် နေထိုင်မှုကို ပို၍ ကြိုက်နှစ်သက်သည်။ အမြဲ နာရီရှိသမျှ လှုပ်ရှားပူလောင်နေရသော သူမဘ၀ကို မနှစ်သက်။ ထို့ကြောင့် ကိုအောင်ကိုး ကို ယောက်ျားလေး မိတ်ဆွေ အဖြစ် သတ်မှတ်ခဲ့သည်။ ပြီးတော့လည်း မြန်မာလူမျိုးတို့၏ စရိုက်ဓလေ့၊ ဘာသာ၊ ယဉ်ကျေးမှုများကို လက်လှမ်း မှီသမျှ စာအုပ်များတွင် ရှာဖွေဖတ်ရသည်။ မြန်မာစာကိုလည်း တဖက်မှ သင်ယူရသည်။
“ ကျွန်တော် ဘယ်လိုမှ အေးချိုချိုကို မြန်မာပြည်သို့ လိုက်လာရန် သွေးဆောင်ခြင်း-ခေါ်ယူခြင်း မပြုခဲ့ဘူးဗျာ” “ခုလိုက်လာတာလည်း သူ့သဘောနှင့်သူပါ” ကိုအောင်ကိုး က အေးချိုချိုလိုက်လာခဲ့ပုံကို ရှင်းပြသည်။ “အေးချိုချိုဟာ မြန်မာပြည်ကို လိုက်လာဖို့အတွက် ငွေကို (၂)နှစ် စုဆောင်းခဲ့ရတယ်။ အဲ့ဒီလို စုဆောင်းခဲ့တဲ့နေရာမှာလည်း တနေ့ကို ထမင်းတနပ်သာ စားခဲ့ရရှာတယ်။ အရင်တုန်းက သူ့ကိုယ်အလေးချိန် ဟာ ၇၅ ကီလို ရှိခဲ့ပေမယ့် ခု ရန်ကုန် ကို ရောက် လာတော့ ကီလို ၆၀ ဘဲရှိတော့တယ်။
ချီးကြူးမိ
ကိုအောင်ကိုး ပြောပြမှပင် ဤမျှစွန့်စားရဲသော အေးချိုချို၏ သတ္တိကို ချီးကြူးမိသည်။ အေးချိုချိုသည် ပြင်သစ်မှတဆင့် ဘယ်ဂျီယံသို့လည်းကောင်း၊ ဘယ်ဂျီယံ မှတဆင့် ဘန်ကောင်သို့လည်းကောင်း၊ ဘန်ကောင်မှ ရန်ကုန်သို့  ခရီးအတန်တန် ဖြတ်သန်း၍ လိုက်လာခဲ့ခြင်းဖြစ်သည်။ အေးချမ်းသာယာလှသော မြနန္ဒာသို့  မိမိသဘောနှင့် စွန့်စွန့်စားစား လိုက်လာခဲ့သော အေးချိုချို။
အေးချမ်းလှသော အမြိုက်ဆေးကို တိုက်ကြွေးနေသည့် မြတ်ဗုဒ္ဓ၏ ကိုယ်စားဖြစ်သော ရွှေတိဂုံသည် တ ပြည်သူ အေးချိုချို၏ ရင်ကို ချမ်းမြေ့စေပါသည်။ သဘာဝရှုမျှော်ခင်းများနှင့် အလျှံအပယ် ပေါများလှသော သစ် သီး ၀လံများက အေးချိုချို၏ အကြိုက်ကို လိုက်လျှောနေပေမည်။
အဘိဓမ္မာ
အေးချိုချိုတို့ ဇနီးမောင်နှံသည် (၁၅-၆-၇၁) ရက်နေ့က ရုံးတက်လက်မှတ်ထိုးကြပြီး (၂၀-၆-၇၁) ရက်နေ့က မင်္ဂလာဆွမ်းအဖြစ် သံဃာတော်များအား ဆွမ်းကပ်လှူကြသည်။ ယခုအခါ အေးချိုချိုသည် မြတ်ဗုဒ္ဓ၏ အဘိဓမ္မာများကို လေ့လာနေရှာသည်။ အေးချိုချို၏ ခင်ပွန်း ကိုအောင်ကိုးမှာ ပြင်သစ်ဘာသာစကားကို စနစ် တ ကျ ယခုအခါ သင်ပြလျက်ရှိသည်။ အေးချိုချိုအား မည်သည့်အလုပ်ဖြင့် အသက်မွေးလမ်းကြောင်း ပြုလုပ် မည် နည်းဟု  ကျွန်တော် က မေးမိသောအခါ ရရာအလုပ်ကိုလုပ်၍ ထမင်းရှာစားမည်ဟုဆိုသည်။ ရရာအ လုပ်မရ ခဲ့ လျင်ကောဟု ကျွန်တော်က နောက်ပြောင်မေးမိသောအခါ ၊ ကျမတတ်ထားတဲ့ တယော ပညာနဲ့ အလုပ် လုပ် ရ မှာဘဲဟုဆိုသည်။ ဟုတ်ပါပေမည်။ အေးချိုချိုသည် တယောပညာတွင် အနုပညာ၏ မြို့တော်ကြီးဖြစ်သော ပဲရစ်မြို့မှ တံခွန်စိုက် ပထမဆုကို ဆွတ်ခူးခဲ့သူဖြစ်ပြီး၊ ဒီဂရီနှင့် ဘွဲ့များမှာလည်း တတန်းကြီး ရရှိလာသူဖြစ်သည်။ သူတို့ မောင်နှံမှာ ယခုအခါ အမှတ်-၁၃ ဂျမားလမ်း တွင် ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြပေသည်။

ရေးသားသူ - မောင်ယဉ်နွယ်
၁၅-၁-၁၉၇၂ ခုနှစ်ထုတ် အိုးဝေဂျာနယ် မှ ထုတ်နုတ်တင်ပြပါသည်။

နှစ်လေးဆယ်ကျော်ကဆောင်းပါးနှစ်ပုဒ်
လယ်တီဆရာတော်ဘုရားကြီး၏ တရားသြဇာ ပါရီမှာ (၁၉၆၈ခုနှစ်၊ စက်တင်ဘာလထုတ် ဟံသာဝတီသတင်းစာမှ…)
         ကျွန်တော်သည် ပါရီမြို့လယ်ကျောင်းသားရပ်ကွက်သို့ သွားခဲ့သည်။ ၎င်းရပ်ကွက်မှာ မကြာခင်မေလအတွင်းက ကျောင်းသူကျောင်းသားတို့နှင့် စစ်ပုလိပ်များတို့ အကြိတ်အနယ်အဓိကရုဏ်းဖြစ်ခဲ့ကြသည့် အသိပညာရှင်တို့ကျက်စားရာ စားကျက်ဖြစ်သည်။ ဤနေရာတွင်ပင် ကမ္ဘာကျော်ဖြစ်သည့် “ဆော်ဘွန်းတက္ကသိုလ်” နော့်ထ်ရ်ဒမ်းဒ်ပါရီ အစရှိသည်တို့ တည်နေရာလည်း ဖြစ်သည်။ ၎င်းတက္ကသိုလ်၏ အနီးမှာပင် တက္ကသိုလ်စာပုံနှိုပ်စက်မှထုတ်လုပ်သည့် စာအုပ်ဆိုင်ကြီးဖြစ်သည်။ ဤစာအုပ်ထိုင်ကြီးထဲမှ ကျွန်တော်သည်လယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းစာအုပ်နှစ်အုပ်ကို ၀ယ်ယူခဲ့သည်။ ထို့နောက် စာအုပ်ကို ပြင်သစ်သူ မချိုချိုအောင် မြန်မာစာကျောင်းသူနှင့် ကျန်တအုပ်ကို အောင်ဆန်းစုကြည် အရင်နှစ်နွေက ပြင်သစ်စာလေ့လာရန် ခေတ္တရောက်ရှိလာသူအား လှူဒါန်းခဲ့ပါသည်။ ဓမ္မဒါနပြုရခြင်း၏စိတ်ကြည်နူးမှုကို ခံစားခဲ့ရပါသည်။ ယခုကဲ့သို့ ဆရာတော်ဘုရားဟောကြားတော်မူသည့် ဗမာဗုဒ္ဓဘာသာ တရားတော်စစ်စစ်ကို ဤပါရီမြို့တွင် တွေ့ရမည်ဟု ကျွန်တော်သည် မစဉ်းစာမိခဲ့။ ဗမာဗုဒ္ဓဘာသာသည် ထေရ၀ါဒတရားတော်စစ်စစ်ဖြစ်မှန်း ကမ္ဘာအသိ။ ကမ္ဘာ့မျက်စိတွင် ကွင်းကွင်းကွက်ကွက် ပေါ်လွင်ထင်ရှားရပေသည်။ ဤကားဆရာတော်ဘုရာကြီး၏ ဗမာတိုင်းရင်းသားတို့အပေါ်တွင် သာမက ကမ္ဘာသူ ကမ္ဘာသားတို့အတွက်ပါ ထားရှိရသည့် ဓမ္မစေတနာထူးပင် ဖြစ်လေသည်။ ဗမာဗုဒ္ဓဘာသာ တရားတော်အား ကိုယ်စားပြုသည့် ဤစာအုပ်မှလွဲ၍ အခြားဗမာဗုဒ္ဓ၀င်ကျမ်းစာများသည် ပြင်သစ်စာပေတွင် ရှိလိမ့်မည်မထင်။ ထို့ကြောင့် ကျွန်တော်သည် ဆရာတော်ဘုရားကြီး၏ တရားဂုဏ်တော်အား ဦးထိပ်ထားသည်သာမက ကြည်နူးစိတ်များလည်း ဖြစ်မိပါသည်။ ၎င်းစာအုပ်မှာ ပြင်သစ်ဘာသာပြန်ဆရာ Charles Andriuce က အင်္ဂလိပ်ဘာသာမှ ပြင်သစ်ဘာသာသို့ပြန်ဆိုခဲ့၍ ၁၉၆၁ ခု ပါရီမြို့ A.Mitchel စာပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး J.Herbert က နိဒါန်းပျိုးခဲ့သည်။ စာအုပ်၏ အမည်မှာ L’enseignement de LEDESAYADAWN, (Boudaris- me du the’ravada) ဖြစ်သည်။ ဗမာအသံထွက်နှင့် ဗမာလိုပြန်ရေးမည်ဆိုလျှင် လော်းန်စိန်းည်မွန့်ဒ် လယ်တီဆရာတော် (ဘူးဒီးဖီးမ်ဒူးသေရာဗါဒါ)ဖြစ်၍ လယ်တီဆရာတော်၏တရားတော် ( ထေရာဝါဒဗုဒ္ဓတရားတော် ) ဖြစ်လေသည်။
         J.Herbert ၏ နိဒါန်းအလယ်ကို ကြည့်မည်ဆိုလျှင် အခြားဒေသဌာနများမှာကဲ့သို့ ထေရာဝါဒတရားတော်အား ကမ္ဘောဒီးယား၊ လာအို၊ ယိုးဒယားနှင့် မြန်မာပြည်တို့တွင် တိုင်းသူပြည်သား(၉၅) ရာခိုင်နှုန်း (မျိုးရိုးဇာတိကြောင့် ကိုးကွယ်ကြသူများ အပါအ၀င်) တို့က ကိုးကွယ်ကြလေပြီ။ စီလွန်( Ceylon) တွင်(၆၇)ရာခိုင်နှုန်း လူမျိုးတို့က လက်ခံကိုးကွယ်ကြသည်။
         ယခုအခါ ဗမာပြည်၌ ထေရ၀ါဒတရားတော်သည် ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလျှက်ရှိသောကြောင့် ဗမာဗုဒ္ဓဘာသာတရားတော်စစ်စစ်အား ရွေးချယ်ထုတ်ဝေလိုက်ရခြင်းဖြစ်သည်။ ဗမာပြည်သည် (၁၉၅၄-၁၉၅၆) ခုနှစ်အထိ စည်ကားသိုက်မြိုက် ခမ်းနားစွာဖြင့် ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် သာသနာ နှစ်ထောင့်ငါးရာပြည့်နှစ်အတွက် ဆဠသံဃနတင်ခဲ့သည်။ ထေရ၀ါဒ တရားတော်ကို ကိုးကွယ်ပူဇော်ကြသည့် တိုင်းပြည်အသီးသီးမှ ရဟန်းသံဃာတော်များ ကြွရောက်ခဲ့ကြ၏။  စုစုပေါင်း ရဟန်းသံဃာတော် နှစ်ထောင့်ငါးရာတို့က တပြိုင်နက်စုဝေးကြပြီးလျှင် ဗုဒ္ဓတရားတော်စစ်စစ်အား ရှေးဟောင်းပါဠိဘာသာမှ တညီတညွတ်တည်း ပြန်ဆိုဟောကြားမှတ်တမ်းတင်ခဲ့ကြလေသည်။
         ထိုအချိန်မှစ၍ ဗမာဗုဒ္ဓဘာသာ လူမျိုးတို့သည် ဆဌသံဃာယနာတင် ဗုဒ္ဓကျမ်းစာမူ စာအုပ်များကို အမွေအနှစ်အဖြစ် ရခဲ့ကြသည်။ သို့သော်လည်း ကျမ်းစာအုပ်များမှာ ဗမာစာနှင့်သာ ရိုက်ထုတ်ခဲ့ကြခြင်းကြောင့် အခြားသော နိုင်ငံများတို့အတွက် အသုံးမ၀င်ဖြစ်ကြရပြီး ၀မ်းနည်းဖွယ်ရာဖြစ်တော့သည်။ ဆရာတော်ဘုရား၏ တရားတော်ခေါင်းကြီးပိုင်းကြီးပိုင်းတို့ကို ကြည့်မည်ဆိုပါလျှင် အပိုင်းကြီးလေးပိုင်းခွဲထားသည်ကို တွေ့ရမည်။
         1.mamna.2.Pattharuddesa-Dipane.4.Paccaya-Sobbago တို့ဖြစ်ကြပြီး အမှန်စင်စစ် ဤစာအုပ်သည် ဥရောပတိုက်အမည်ခံလျက် ဗမာဘာသာနှင့်ရှိပြီးသားဖြစ်သည်ကြောင့် ကျွန်တော်တို့အတွက် နားလည်လွယ်နိုင်သည်ဟု ယူဆပါသည်။ သို့သော်လည်း ဤစာအုပ်အား ပြင်သစ်ဘာသာတို့ ပြန်ဆိုသည့် ဘာသာပြန်ဆရာ၏ ၀န်ခံချက်ကိုကား ဖော်ပြလိုပါသေးသည်။
         လယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းဆောင်သည် ဖြစ်နိုင်သမျှသော အကိုးအကားများစွာတို့ဖြင့် ရည်ရွယ်ချက်တိုင်းကို အလင်္ကာမြောက်စွာ ချယ်လှယ်ဖော်ပြထားပေသည်။ ကျွန်ုပ်ကဲ့သို့ ဘာသာပြန်ဆရာသည် မြန်မာကျမ်းဂန်စာပေများကို တတ်ကျွမ်းခြင်းမရှိပါဘဲ ဤကဲ့သို့ ဗမာစာပဒေသာပင်မှ စာကြီးပေကြီးများတို့၏ စကားလုံးနှင့် အသုံးအနှုန်းအရသာကို အခက်အခဲမရှိဘဲ မရှင်းပြ မဖော်ပြနိုင်ပေ။ ကျွန်တော်တို့အမိမြန်မာပြည်၏ ယဉ်ကျေးမှုစာပေသည် အင်္ဂလိပ်ဘာသာရပ်တွင် ရှိသင့်သလောက် ရှိပါသော်လည်း ပြင်သစ်ဘာသာ၊ ရုရှဘာသာ၊ ဂျာမနီဘာသာ အစရှိသည့် စာပေလောကတွင် တိမ်မြှုပ်ပျောက်ကွယ်လျက်ပင် ရှိသေးသည်။ ကျွန်တော်တို့ဆိုလိုသည်မှာ မြန်မာတိုင်းရင်းသားစစ်စစ်က မြန်မာ့ယဉ်ကျေးမှုနှင့်ဆိုင်သည့် စာပေများကို ရေးထုတ်ခြင်းဖြစ်သည်။ ဥပမာ အင်္ဂလိပ်ဘာသာသို့ရေးရန် မခဲရင်းပေ။ သို့သော်စာကြီးပေကြီးများကို ရေးတတ်သူများရှိပါလျှက်နှင့် မြန်မာ့စာပေကျမ်းဂန်သည် အလွန်ပင်ရှားပါးလျက်ပင် ရှိသေးသည်။
         ယခုကဲ့သို့ လယ်တီဆရာတော်ဘုရားကြီး၏ တရားတော်စာအုပ်သည် ပြင်သစ်ဘာသာတွင် တအုပ်မျှပင် ရှိသေးသည်။ အမိမြန်မာပြည်အား ခင်တွယ်မြတ်နိုးသူ တိုင်းရင်းသားတို့အတွက် အားငယ်စရာနှင့် မျက်နှာငယ်စရာပင် ဖြစ်တော့သည်။ ဤကဲ့သို့ စာပေများပေါ်ပေါက်လာရန်အတွက် အတားအဆီးဖြစ်သည့် စကားတခွန်းမှာလည်း(ပြောသလောက်မလွယ်ဘူး)ပင် ဖြစ်သည်။ သို့သော်လည်း မလုပ်ခြင်းကြောင့်သာဟု တွေးတောနိုင်ပေသည်။ ပြောသလိုလုပ်ကြပါလျှင် ပြောသလောက်လွယ်မည်သာဖြစ်သည်။ စိတ်အစဉ်ကို တစုံတခုသော နေရာဠာန၌ စူးစိုက်နိုင်ရန်အတွက် သမထအလေ့အကျင့်မျိုးကို လေ့ကျင့်သူများကဲ့သို့ လေ့ကျင့်ဖို့လိုပေ၏။


အဘဦးသန့်(သို့မဟုတ်)တည်ငြိမ်သူ (၁.၁.၇၂။ အိုးဝေဂျာနယ်မှ)
         ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏အကြောင်းကို လူသိများလှသည်။ ယခုအချိန်တွင် ဦသန့်အကြောင်းကို ရေးသားဖော်ပြကြသူများမှာလည်း များပြားလှပါသည်။ ဦးသန့်ဆိုလျှင် မြန်မာပြည်တွင် ထင်ရှားသကဲ့သို့ ကမ္ဘာအရပ်ရပ်တွင်လည်း ထင်ရှားကျော်ဇောလှပေသည်။ ၁၉၆၈ ခုနှစ်ဆီမှ ပြင်သစ်သတင်းစာ “ဒလ်မွန့်ဒ်” တွင် ဖတ်လိုက်ရသည့် ကောင်နှုတ်ချက်လေးတခုမှာ “ကမ္ဘာပေါ်တွင် အလုပ်အများဆုံးလုပ်သူ နှစ်ဦးရှိ၏။ သူတို့မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်နှင့် အီတလီပြည်မှ ပုပ်ရဟန်းမင်းကြီးတို့ ဖြစ်ကြ၏” ဟူ၍ ဖြစ်သည်။ ဦးသန့်သည် ကမ္ဘာတွင် ဤမျှ ထင်ရှားလေသည်။
         ကျွန်တော်ယခုရေးပြလိုသည်မှာ ကမ္ဘာ့ဦးသန့်နေရာမှ ကျွန်တော့အတွက် အဘဦးသန့် ဖြစ်လာရခြင်း အကြောင်းဖြစ်သည်။

စောင့်၍ကြည့်မှသာ
         လူသည် ယဉ်ကျေး၏၊ သိမ်မွေ့၏၊ ယဉ်ကျေးသိမ်မွေ့သောလူတို့ စုပေါင်းနေထိုင်ကြသည့် အဖွဲ့အစည်း၏ အပြင်ဘက်တစ်ခုသောနေရာမှ စောင့်၍ကြည့် လှမ်း၍မြင်ရမှသာ ထိုအနှစ်သာရကိုတွေ့နိုင်သည်။ ထိုမှတဆင့် တိုင်းပြည်တခု၏ လူနေမှုအဆင့်အတန်းနှင့် ယဉ်ကျေးမှုအနိမ့်အမြင့်မှာလည်း ထိုတိုင်းပြည်၏ အပြင်ဘက်သို့ထွက်၍ အခြားသောတိုင်းပြည်တခုဆီမှ လှမ်းမျှော်ကြည့်ကာမှ မြင်နိုင်ရလေသည်။
         ကျွန်တော်မှတ်မိပါသေး၏။ နွေဦးပေါက်တမနက်ခင်းတွင် ကျွန်တော်ငည် ပါရီမြို့ “လူ့ဇော်းန်ဘူး” ပန်းဥယျာဉ်ကြီးကိုကျော်၍ သုတ်ခြေတင်မိ။ ထိုနေ့မနက်တွင် ကျွန်တော်သည် “အားလီးယော်န့်(စ်)” ကျောင်းမှာ ပြင်သစ်စကားပြော ဒီပလိုမာစာမေးပွဲထိုင်ရန်ရှိသည်။ ကျွန်တော်သည် ကျောင်းသားစာမေးပွဲရှေ့မှောက်တွင် ရောက်နေရသည့် အခြားသောကျောင်းသားတဦးကဲ့သို့ ကျွန်တော်လည်းလန့်နေမိ၏။ ကျွန်တော့အလှည့်ရောက်ရလေပြီ။ စပါယ်ရှယ်အခန်းတခုထဲတွင် ဆရာတယောက်နှင့် ဆရာမနှစ်ယောက်ကို တွေ့လိုက်ရ၏။ ကျွန်တော့်ရင်တွင် ဒိန်းခနဲဖြစ်သွားရ၏။ ပြင်သစ်ဆရာ ဆရာမများနှင့် မျက်နှာချင်းဆိုင်၍ ပြင်သစ်စကားကို လက်တွေ့ပြောရတော့မည့်အရေးကြောင့်ပင်။
         ဆရာမတဦးသည် ကျွန်တော့အား ဘယ်နိုင်ငံကလည်းဟု လှမ်းမေးလိုက်၏။ “ကျွန်တော်သည် မြန်မာပြည်ကပါ” ဟူ၍ ဖြေကြားလိုက်သည်တွင် အခြားဆရာမတဦးသည် လှုပ်လှုပ်ရွရွလုပ်လိုက်ပြီး “အော် မြန်မာပြည်ကလား၊ ဒါဖြင့်ရင် မြန်မာလူမျိုးတွေဟာ ဘာဖြစ်လို့တည်ငြိမ်ကြသလဲ” ဟူ၍ ဆက်၍ မေးလိုက်တော့သည်။

တည်ငြိမ်သော ဗမာ
         ကျွန်တော်၏ခန္ဓာကိုယ်သည် ပူနွေးလာ၏။ ကျွန်တော်၏ရင်တွင်းဝယ် အသဲနှလုံးများခုန်လာကြ၏။ ကျွန်တော်သည် တည်ငြိမ်အောင်ကြိုးစာ၏။ ထိုအခါတွင် ကျွန်တော်၏နဖူးပါးပြင်ပေါ်တွင် ပူနွေးသော ချွေးသီးချွေးပေါက်ကလေးများ ယိုစီးနေကြပြီ။
         “ဟုတ်ကဲ့ခင်ဗျား…..၊ ကျွန်တော်တို့မြန်မာလူမျိုးများဟာ များသောအားဖြင့် တည်ငြိမ်ကြပါတယ်” ဟူ၍ ဟိုလိုလို ဒီလိုလို အဓိပ္ပာယ်ဖြင့် ပြန်ပြင်ကြားလိုက်မိ၏။ သို့သော် ဖြတ်လတ်သောပြင်သစ်ဆရာကြီးက “ဘာဖြစ်လို့လည်း” ဟူ၍ ကြိမ်းဝါးလိုက်တော့၏။

ဦးသန့်မြင်ကွင်း
         ကျွန်တော်သည် ကြီးမားသောအခက်အခဲနှင့် ရင်ဆိုင်ရလေပြီ။ ဤမေးခွန်းကို မဖြေနိုင်လျှင် နှုတ်ဖြေဒီပလိုမာစာမေးပွဲကို သေချာပေါက်ဆုံးရှုံးရတော့မည်။ ကျွန်တော်၏ ဦးခေါင်းသည် ဘယ်ညာလှည့်ကြည့်လိုက်မိ၏။ ကျွန်တော်ကိုယ်တိုင်တွေ့ဖူးမြင်ဖူးလိုက်သည့်မြင်ကွင်းတခုကို ပြန်လည်မြင်ယောင်လိုက်သည့်အခါ ကျွန်တော်သည် ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ဟိန်းဟောက်ရန် အဆင်သင့်ဖြစ်သွားရတော့သည်။ ကျွန်တော်၏ဦးနှောက်တွင်းသို့ စီးဝင်သည့် အသိဥာဏ်မှာ အခြားမဟုတ်ပေ။ ၁၉၆၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အစ္စရေး၊ အာရပ်စစ် ရပ်ဆဲရေး သံကြိုးစာသည် ကုလသမဂ္ဂအဆောက်အဦးရုံးခန်းထဲတွင် စည်းဝေးပွဲကျင်းပနေသည့် အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် လက်ထဲသို့ ရောင်လာ၏။ ထိုအခိုက်တွင် ပြင်သစ်ပြည်ရုပ်မြင်သံကြားစက်ဝိုင်းပေါ်တွင် အထူးအစီအစဉ်အားဖြင့် သံကြိုးစာကိုကိုင်ထားသော ဦးသန့်၏ရုပ်ပုံကို တွေ့ကြရ၏။ ဦးသန့်၏ အနေမထားမှာ အိနြေ္ဒမပျက်။ ၀မ်းနည်းခြင်း ၀မ်းသာခြင်းမဖြစ်၊ တုန်လှုပ်ချောက်ချားမှုမရှိ၊ ပကတိအနေအထားဖြင့် အစ္စရေး-အာရပ် စစ်ရပ်ဆဲသည့် သံကြိုးစာကို တည်ငြိမ်သော အသံနေ အသံထားဖြင့် မတ်တတ်ရပ်လျက်ပင် ကမ္ဘာကိုဖတ်ကြားလိုက်လေသည်။
         ဤသည်မှစ၍ကမ္ဘာတွင် စောင့်ကြည့်နေကြသည့်လူတို့သည် အံ့သြနေမိကြ၏။ သို့သော် ဦးသန့်၏ကိုယ်ခန္ဓာထံတွင်ရှိနေသည့် သီလ သမာဓိ ပညာကိုကား မည်သူမျှ သိနိုင်ကြပေလိမ့်မည် မဟုတ်ပေ။ ကိုယ်တိုင်ကျင့်၍ ကိုယ်တိုင်သိပြီး၊ ကိုယ်တိုင်ဖော်ထုတ်မှု မရှိပါဘဲ မည်သို့မည်ပုံ တရားဓမ္မ၏အနှစ်သာရကို ခံစာနိုင်ကြမည်နည်း။ ဤကား ဗုဒ္ဓမျက်စွာဘုရား၏ လမ်းစဉ်အစစ်သာဓက ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်သည် ဤမြင်ကွင်းကိုပြန်လည်းမြင်ယောင်မိလိုက်ပြီး ငါးပါးသီလ အစရှိသည်ကိုအခြေခံကာ ကျွန်တော်တို့မြန်မာလူမျိုးများ အများအားဖြင့် တည်ငြိမ်မှုရှိကြသည့် အကြောင်းကို ဖြေကြားလိုက်ရတော့သည်။
         ကျွန်တော့အတွက် ဖြစ်ပေါ်လာသော ဤမေးခွန်းမှာလည်း ဤမြင်ကွင်းမှ ပေါက်ဖွားလာရခြင်းဖြစ်ရပေမည်။ ကျွန်တော်သည် ပြင်သစ်စာ နှုတ်ဖြေဒီပလိုမာကို ဧကန်မုချရရှိခဲ့လေပြီ။

ဦးသန့်၏စံနမူနာ
         တဖန်၊ သာမည လူစုလူဝေးတွင် မြန်မာပြည်ဟုပြောလျှင် မသိကြပေ။ “အော်…. ဦးသန့်မသိဘူးလား” ဟူ၍ မေးခွန်းထုတ်ကြည့်မှ “အော်…သိပြီ သိပြီ ဦးသန့်တိုင်းပြည်ကကိုး” ဟူ၍ ကျွန်တော်တို့မှာ ကြက်သရေတိုးခဲ့ရသည်။
         ကျွန်တော်တို့မြန်မာလူမျိုးများသည် ယဉ်ကျေးမှုမရှိ ရိုင်းစိုင်းကြသည်ဟု သူတို့ထင်မြင်ယူခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ကျွန်တော်သည် စာရေးဆရာကြီးမဟုတ်။ ပညာရှကြီးမဟုတ်၊ မည်သို့ချေပနိုင်မည်နည်း။ ကျွန်တော့်အတွက်ချေပခဲ့သူမှာ ကမ္ဘာ့ဦးသန့်ပင်ဖြစ်သည်။ ကမ္ဘာကျော်ဦးသန့်ကိုကြည့်၍ မြန်မာပြည်ကို သူတို့မြင်ခဲ့ကြပြီး မြန်မာလူမျိုးများမှာ ယဉ်ကျေးမှုရှိကြသည်ဟုလည်း သူတို့ပိုင်းခြားဝေဖန်နိုင်ကြပြီ။
         ကျွန်တော်ပွင့်လင်းစွာဖော်ပြလိုသည်မှာ ဦးသန့်သည် ကိုယ်တိုင်းကျင့် ကိုယ်တိုင်အားထုတ် ကိုယ်တိုင်သိပြီးကာမှ ကိုယ်တိုင်ဆောင်ရွက်လှုပ်ရှားတတ်သူ သမ္မာ ဒိဋ္ဌိက အယူရှိသူ စစ်စစ်ဖြစ်ကြောင်းပင်။
                                      အဘဦးသန့် လျင်မြန်စွာ ရွှင်လန်းချမ်းမြေ့ပါစေ။ အောင်ကိုကို