ကဗျာများ
-       ကြားဖူးသမျှ ပြောရမှာဖြင့်
တစ်လုံးချိုင့်ဟာ အနေ“မိုက်”လို့
ဒူးနေရာဒူး တော်နေရာတော် မှန်ရာနေတတ်
နှိမ့်ချရိုးသား လုပ်ကိုင်စားသောက်
ဖြောင့်ဖြောင့်တန်းတန်း လုံးပန်းစွမ်းအင်
လွှမ်းသည်ကြောင့်လည်း
“အတ္တ”ဟူ၍ အယူစွဲကြ
“အဆင့်မဲ့”ဟူ၍ အထင်မှားကြ ၊
-       စိတ်ဓာတ်အင်အား ဖြောင့်မတ်စွာဖြင့်
အံဝင်ဂွင်ကျ အင်အားတင်းမာ
စိတ်မှာရှင်းလင်း ဘ၀င်မရှုပ်
ပြုတ်ကျငြားလည်း “ကြောင်ကျ” ကျသည်
သက်သာပေ၏ ။
-       သို့သော်အမှန် စဉ်းစားဥာဏ်ဖြင့်
သံဝေဂတရား ရယူရန်ကား
နှစ်လုံးချိုင့်မှ သုံးလုံးချိုင့်သို့
လေးလုံးချိုင့်မှ ငါးလုံးချိုင့်သို့
ဆင်ခြင်ကင်းမဲ့ လောဘမြင့်မိုရ်
မက်လုံးပို၍
အရှေ့အနောက် တောင်မြောက်မမြင်
မျက်ကန်း“အင်”တွင် “ဂွင်”၀င်လှုပ်ရှား
ပြုတ်ကျငြားသော်
“ကြောင်ကျ” မကျ  “ခွေးဝက်ကျ” ကျသည်
နစ်နာပေ၏ ။
-       အော်….သာတုန်းတော့“စံ” နာရင်တော့“ခံ”
“ထိ”မှနာ “သေ”မှသိ ဤ“ငတိ” “ငတုံး”
ရှေးထုံးပယ်၍ တွေ့ကြုံအမှား
ဈေးသုံးလွယ်၍ မွဲကိန်းဆိုက်ရ
ဤအဖြစ်သနှစ် မသိငြားကြောင့်
“ဘော်ဒါ”ရှင်းလင်း ကံကုသိုလ်ကွင်း
အလင်းရောင်မှိတ် မဲမှောင်ရောင်ရိပ်ဝယ်
မတောက်တခေါက် အမြင်ပေါက်သော်
တောက်လျောက်လွဲမှား လူသားသခင်
အဆင်အမြဲ သင်“ဂေါက်”ပွဲဝင်နေအုံးတော့မည်လား ။
-       ဤကား
တည့်မှတ်ဥာဏ်ရှင်
ရေပြည့်အိုးလို ဘောင်ဘင်မခတ်
အဆင့်တလုံးချိုင့် အဆုံးသတ်သံဝေဂပဲလေ ။ ။
အနာပေါ်တုတ်ကျဒုက္ခခံရတဲ့ တို့မြန်မာ
ခေတ်က ဆိုးလို့"ချဲ" ထီထိုးရ ။
ရဟန်းရှင်လူ၊မဲပေးသူနှင့်
တင်မြှောက်ရွေးချယ်၊ပြည်သူ့ကိုယ်စားလှယ်တို့ ချေမှုန်းခံရ ။
အာဏာလုယူ၊စစ်ဝါဒီတို့၊ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းပြနေရ ။
နွေမှာဆောင်းလို၊ခေါင်းမှာဗလာ
ငါတို့မြန်မာ၊ယာယီ "ချဲ" ထိုး
အားကိုးလွန်းလို့၊ပိုးဖလံမျိုး
မီးကိုတိုးသို့၊ကိုယ်ကျိုးနည်းဖွယ်
ဖြစ်ရရာဝယ်၊လယ်ယာအိုးအိမ်
တိမ်ပျောက်စေသား၊အမှာစကား
ကြားရနာဝယ်၊အမြဲစွဲရန်
အကြောင်းမှန်ကား၊"ချဲ" ထီထိုးရင်
တဲသာထိုးရ။
ရဟန်းရှင်လူ၊ပြည်သူပြည်သား
များလူခတ်သိမ်း၊အာဏာငြိမ်း၍
သေးသိမ်လှစွာ၊ပြေးရှောင်တိမ်းရင်း
ငတ်သည့်ပြဿနာ၊ဖြေရှင်းရန်ထက်
အတ္တပညာ၊ ကြီးစိုးလှသည့်
"စစ်""ရဲ"လက်အောက်၊ ကျရောက်ရာဝယ်
လွဲမှားသည့်ကံ၊ထပ်လောင်းပြန်သော်
မွဲသည်ထက်မွဲ၊ကွဲသည်ထက်ကွဲ၍
ဖွဲပြာဖြစ်ရ။
တိုင်းပြည်အုပ်ချုပ်၊လုပ်စားလိုသူ
ထိုထိုလူများ၊ပွားစေရန်သူ
တပူပူထ၊ စစ်တပ်အာဏာ
ယစ်မူးစွာနှင့်၊သိသည့်အမှား
ဘေးချိတ်ထား၍၊နေ့ညအလုပ်
ပိုမိုရှုပ်ခါ၊"ဗိုလ်" ချုပ်တွေနှင့်
နောက်လိုက်တွေဟာ၊ရုပ်သေးသဖွယ်
ကြိုးဆွဲရာက၊နတတနဲ့
ခယနေရ ။
"ကုလား""တရုတ်" စီးပွားရေးလုပ်
မြန်မာပြည်သား၊အနောက်မှာထား
လားလားမှမတော်၊ ထော်လော်ကန့်လန့်
ညံ့သည့်မာန်ယုတ်၊အုပ်ချုပ်မရ
တစစနဲ့၊ အက်ကွဲတိုင်းပြည်
တို့အမွသဖွယ်၊မြန်မာပြည်ဝယ်
မောင်မယ်လုပ်ထုံး၊ပြီးခါဆုံးလို့
အစမကောင်း၊အနှောင်းမသေချာ
မည်သူတွေက၊ဆရာကြီးလုပ်
အုပ်ချုပ်ဖြေရှင်း၊အလင်းရောင်သွင်း
လမ်းခင်းပေးနေရသနည်း.....?
အဟုတ်အမှန်၊ကြည့်ပြန်ရရင်
မြန်မာလည်းမဟုတ်၊တရုတ်လည်းမြန်မာ
အားထားရာက၊အာဏာလွဲမှား
ကွဲပြားလာခါ၊ကုလားနေရာ
ဖြာထွက်လာပြီး၊မြန်မာပြည်သား
ကွယ်ရာမှာထား၊ စာနာတာမဲ့
သစ္စာက ပျက်၊လှည့်ကွက်ကများ
အားတက်စရာ၊ကွယ်ကာကင်းလို့
စေတနာရှင်၊ကယ်တင်လိုသူ
ထိုထိုလူများ၊ထူးခြားပေါ်ပေါက်
"တောက်" တစ်ချက်မှ၊ခေါက်ပါများရာ
ကမ္ဘာမှကြားရ။
ထိုးစစ်ခံစစ်၊သင်း(ဒင်း)တို့နည်းနှင့်
ဟစ်အော်သံပေး၊ကြွေးကြော် ချေမှုန်း
သုံးနှုန်းပုံကို၊ခုံရုံးတင်စွဲ
သုံးသပ်ပေးပြီး၊ဆုံးဖြတ်ပေးလျှင်
မှုန်ယိုဆင်က၊လက်မှိုင်ချ၍
အဘ ခေါ်ရ ။
သင်း (ဒင်း)တို့အမြိုက်၊ တိုက်ခိုက်သည့်ဟန်
ကြံဖန်မှုမွဲ၊လွဲတာကကံ (အလုပ်)
ဖန်တလဲလဲ၊ရန်ကမြဲပြီး
အဓမ္မ မာန်၊အကြောင်းခံလို့
တန်ပြန်ခံရ။
ပြည်သူလူထု၊စုစုဝေးဝေး
လေးစားခံယူ၊သံတူညီမျှ
ထောက်ခံကြတဲ့၊အသည်းထဲက
မဲတပြားဟာ၊လွဲကာတောက်လျှောက်
စစ်အာဏာအောက်၊ကျရောက်ရသည့်
ရလဒ်သည်ကား၊လုပ်သားပြည်သူ
ကုန်သည်ပွဲစား၊အရပ်သူ အရပ်သား
များလှလူထု၊အစုစုမှာ
တုရာမရှိ၊ဖွတ် တက်ပြီဟု
တီးတိုးမြည်သံ၊အောင့်အီးခံ၍
မွဲဒဏ်မှလွတ်၊ကျရာကကျွတ်
လွတ်လွပ်မှုမျှော်၊သုခအောင်နန်း
တမ်းတအော်ရ။
အစိုးရကင်း၊နိုင်ငံရေးရှင်း
ငြင်းသည့်အာဏာ၊စစ်ကောင်စီဟာ
စစ်ဝါဒဖက်၊ရက်စက်ကြမ်းကြုတ်
ဘီလူးယုတ်သို့၊ဂုတ်သွေးစုပ်ပြ
နိဿယချပေး၊တစ္ဆေပမာ
ဘယ်သူသေသေ၊ငတေမာပြီး
သေခြားနည်းနှင့်၊ဝေဆာခွင့်ရေး
ခွဲယူဝေကြ၊စစ်ကြေးအာဏာ
ပညာအဓမ္မ၊ထပ်ထပ်ဒဏ်ရာ
လွန်စွာများကြောင့်၊ရဟန်းရှင်လူ
ပြည်သူပြည်သား၊ခံစားရ၍
အားမသန် မာန်လျော့၊ခပ်ပျော့ပျော့နှင့်
ပေါ့ပေါ့တန်တန်၊အမှန်မဟုတ်
သူစိမ်းဆန်အလုပ်၊ဖမ်းချုပ်ထောင်သွင်း
နှိပ်စက်ခြင်းနှင့်၊ရက်စက်တွင်းကို
သုတ်သင်ရှင်းလင်း၊ခုတ်ထွင်းရှင်းရင်း
မဟုတ်မခံ၊တုံ့ပြန်ရသည့်
ရင်းနှီးမှုသည်၊ကမ္ဘာတခွင်တွင်
မှတ်တမ်းတင်ရ။
မေတ္တာတရား၊လွဲမှားပြီးက
အမုန်းတရား၊ရှေ့ကထား၍
သင်း(ဒင်း)တို့တတွေ၊ယတြာချေရင်း
မင်းလုပ်သည့်ဟန်၊ပြင်းထန်ပြန်ခါ
လာလတ္တံဘေး၊တွေးခါဆွေးရင်း
ဘေးမသီရန်မခ၊ကိုယ့်ဘ၀ကိုယ်မက်
ဝိဘက်အတွက်၊သိလျှက်နှင့်ပင်
စဉ်ခြင်ဥာဏ်တုံး၊စစ်ဝတ်စုံဖုံး
လုံးဝမထီ၊ကယ်တင်ရှင်မမည်
စစ်သည်မပီသ၊အလီလီလိမ်ရရင်း
တင်းတိမ်နေရ။
ဒီမိုကရေစီ၊ဒီစကားလား
နားမှာမကြား၊လားလားမမြင်
တားမြစ်သည်က၊စ အရေးထား
ဗမာ့စကား၊နားမှာမချို
မနာလိုခါ၊(ချို) ဂျိုနှင့်လားလို့
မေးနေပုံရ။
စဉ်းစားဥာဏ်ထုတ်၊လုပ်အားတုံ့ပြန်
မှန်တာသုံးသပ်၊လွတ်လပ်ခွင့်ပေး
ရွေးချယ်တင်မြှောက်၊လူဖြောင့်များအတွက်
လိုရာမှတ်ကျောက်၊တင်နိုင်လောက်ရင်
သင်း(ဒင်း)တို့တတွေကို၊ ခင်တွယ်မြတ်နိုး
ကြည်ညိုရာရောက်ရ။
ထိုမှတဖန်၊တပ်လှန့်အလံ
ပြိုင်တူစိုက်ထူ၊သူသူငါငါ
ခွဲခြားသုံးသပ်၊ဆုံးမဖြတ်ဘဲ
ပါဝင်နှီးနှော၊ဟောပြောခွင့်ကြုံ
ဆုံဆည်းမှုပေး၊ညီညွတ်ရေးတည်
ပြည်ဌာနီဝယ်၊လိမ်လည်ညာတုတ်
စိတ်ယုတ်ညစ်ပတ်၊ပြတ်တောက်ပြီဆိုက
ရဟန်းသံဃာ၊အရပ်သူအရပ်သား
မခြားနားဘဲ၊အားရ၀မ်းသာ
ဖြစ်ရမည်မှာ၊မလွဲတာကို
တွေးတောကြံဆ၊တသသနှင့်
အားကျနေရ။
ဆရာမရှိ၊တပည့်ကင်း၍
မင်းဆိုးရာဇာ၊လက္ခဏာနှင့်
ဝှက်ခါအပြစ်၊လျစ်လျူရှုသည့်
အာဏာစစ်ကူ၊နစ်နာမှုသည်
ပြည်သူပြည်သား၊လူအများ၏
လည်မျိုကိုနင်း၊တင်းပုတ်နှင့်ခွင်း
လင်းတလက်တွင်း၊သက်ဆင်းစေခါ
သေစေလိုကြောင်း၊နမိတ်ဟောင်းနှင့်
လူကောင်းများမှာ၊ဘ၀အနေ
အခြေမလှ၊ဒေသကပ်ဆိုက်
ရိုက်ခတ်ဒဏ်မှာ၊မသက်သာဘဲ
လျှာထွက်နေရ။
အုပ်ချုပ်သူလုပ်၊ကျုပ်တို့ဗမာ
ခုအခါမှာ၊ထွားရာကသေး
အလေးကမစီး၊အီးအီးအားအား
မားမားမရပ်၊လာဘ်ကမမြင်
ဆင်ခြင်ကင်းလွတ်၊ရူးသွပ်သြဇာ
တွယ်တာမြတ်နိုး၊ရှိခိုးပူဇော်
အလှူတော်ပေး၊မအေးသည့်ပြည်တွင်
ထင်တိုင်းမွဲရ။
တိုင်းပြည်လူထု၊ဥကွဲသိုက်ပျက်
မျက်နှာရှက်ရပ်၊မှတ်ယူရမည့်
တိကျမှန်ကန်၊သင်း(ဒင်း) တို့ဟန်ကား
တခြားမဟုတ်၊ပုတ်သင်ညိုခေါင်း
သောင်းသောင်းဖြဖြ၊အ တတနှင့်
ညိတ်ပြတာကို၊နာယူချင့်ချိန်
တင့်တယ်နိမိတ်၊ဘိသိက်ခံကာ
ရှေ့မျက်နှာနောင်ထား၊ချောက်ချားစွာနှင့်
ထောက်ထားရာမရှိ၊ငဲ့ကွက်မှုကင်း၍
ခြိမ်းခြောက်တဲ့ခေါင်း၊ဘယ်ညောင်းခါ ညာလှည့်
တည့်တည့်မမြင်၊လှည့်ကွက်ညာဉ်ဖြင့်
အချိန်ကိုယူ၊လိမ်လည်တွေးဆ
ညွတ်ပြနေရ။
မြန်မာတိုင်းပြည်၊တည်ရှိသည်ကား
မှားယွင်းမရှိ၊ကမ္ဘာသိ၍
လျစ်လျူမရှု၊တုဖွယ်ရာနှိုင်း
အခြားတိုင်းပြည်၊အလီလီမှာ
အားထားဖွယ်ရာ၊အာဏာပိုင်သ
အစိုးရက၊မျှတခွင့်ရေး
ဆွေးနွေးတိုင်ပင်၊တွေးတောခွင့်နှင့်
ပြောဆိုရေးသား၊အလေးထား၍
နိုင်ငံတည်ထောင်၊အလင်းရောင်ကို
ပေးလေ့ရှိရ။
သို့သော်တွေးကြည့်၊သိမှတ်မိရန်
ရင်နာဖွယ်ရာ၊မြန်မာပြည်မှာ
သဒ္ဓါကင်းမဲ့၊မေတ္တာပျက်၍
သစ္စာမတည်၊မာကျောရှည်ပြီး
ဌာနီပန်းတိုင်၊ပေါက်ရောက်နိုင်သည့်
ပြည့်ဝရည်ချင်း၊တင်းမပြည့်၍
သဲထဲရေလောင်း၊ကြောင်းရာမရှိ
ထိုသို့ဖြစ်ရ။၏
အမှားသိလျက်၊ခလုတ်မထိ
အမိ မတ၊ လာဘ်ယူလာဘ်စား
လူတန်းစားက၊တပြည်လုံးဘဝ
အနာဂတ်ပျက်သုဉ်း၊ဆုံးရှုံးမှုကို
လိုလားတောင့်တ၊ကြံ့ "ဖွတ်" (ဖွံ့) ထ၍
"ပရ" ကင်းကွာ၊စစ်အာဏာမှာ
ပျော်မွေ့စွာဖြင့်၊လိုတာရယူ
"အတ္တ" လူသည်၊မိုက်မူမကွဲ
အယူစွဲ၍၊စွဲမြဲလုံ့လ
ထုတ်ပြန်ကြရ။
စည်းလုံးညီညွတ်၊လွတ်လပ်မှုသည်
ခွေးမြီးကောက်ကို၊ကျည်တောက်မှာစွပ်
တတွတ်တွတ်မြည်၊အဆီအနှစ်
အပြစ်ကင်းသည့်၊ရှင်းလွန်းစကား
မပြောကြားဘဲ၊မောဟဖုံးလွှမ်း
လောဘလမ်းမှာ၊လျှောက်ခါသွားရင်း
ဒေါသပေါက်ကွဲ၊ဖြုတ်ထုတ်ထောင်ချ
တင်းကြပ်ဥပဒေ၊သောက်မြင်ကပ်ပုဒ်မ
အု့ပ်တရားနှင့်၊စစ်လှုပ်ရှားရင်း
ရောက်သည့်ဧည့်သည်၊ရွှေဧည့်သည်ဟု
နာယူမှတ်သား၊လိုက်နာကြပြီး
ရေလိုက်ငါးလိုက်၊နည်းနာပိုက်၍
လိုက်လျောညီထွေ၊နိုင်ငံ့အရေး
နှေးကွေးစေရန်၊အချိန်ယူတွေး
ဆွေးနွေးနေရာ၊ပညာနှင့်ဝေး
သစ္စာကင်း၍၊အလင်းမှာမှောင်
ရုပ်ဆင်းကနက်၊ မျက်နှာပါ ပျက်
သွက်ချာပါဒ၊ရောဂါရပြီး
အနှစ်သာရ၊ပျက်ခါပြုန်းလို့
နှလုံးလည်းတုန်၊ရင်လည်းခုန်၍
မောဟိုက်နေရင်း၊ဖုတ်လှိုက်ဖုတ်လှိုက်
အသက်ငင်ခါ၊သင်း (ဒင်း) တို့တတွေ
မြန်မာ့သွေးနှင့်၊အရမ်းဝေး၍
ရှင်ကြီးအားကိုး၊ကျားထက်ဆိုး၍
အဖြစ်နှင့်သာ၊ကြုံနေရပြီပါတကား ။  ။
ကဲ......တိုင်းပြည်အတွက်လူမျိုးကိုချစ်ရင်
ထမင်းရေပူလျှာလွှဲမျက်နှာလွဲခဲပစ် မဖြစ်စေရန်
အကြမ်းမဖက်တဲ့ဤ ဒီမိုကရေစီ တိုက်ပွဲမှာ အောင်မြင်ရေးအတွက်
ရှေ့ရှုကြပြီးတို့တတွေဆက်လက် တိုက်ပွဲဝင်ကြဦးစို့
ဒီမိုကရစီတိုက်ပွဲဝင် ရဲဘော်အပေါင်းတို့  .....................
                                                                  အောင်ကို
ငါ့ ဘ၀ ဟာတာတာ
ရေဆန်မှာ လှေမြန်ရန်လှော်ခဲ့ရ ၊
မောပန်းသည်က ဖြေလည်းမပြေ ။
ရေစုန်မှာ လှေကြုံစီးရန် ၊
တမ်းတမိသည်က မှန်းဆလေဝေးလေ ။
မတတ်သာ ခပ်နာနာ မချိပြုံးနဲ့ ၊
တောက်ခေါက်ခါ ညီးတွားလို့မဆုံး ။
နေအုန်းပေါ့ဒီဘ၀ ငိုတလှည့်ရယ်တခါ ၊
ဘ၀င်မှာ " ဟာတာတာ " ။
                                     အောင်ကို